မတ်လ (၁၉)ရက်။
စစ်အာဏာရှင်စနစ်ဆိုး ပြန်ခေါင်းမထောင်နိုင်အောင် ဖိဖိစီးစီးလုပ်ရမယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး/နိုင်ငံရေးကိစ္စတွေဟာ အရင် အခြေအနေဟောင်းနဲ့ မတူတဲ့ ဖြစ်ထွန်းမှုအသစ်တွေ ဖြစ်ပေါ်နေကာ အဟောင်းကိုပြန်သွားဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။
ပြည်သူတစ်ရပ်လုံးကလဲ အခြေအနေအသစ်၊ အခင်းအကျင်းအသစ်၊ စနစ်သစ်ကို မျှော်လင့်တောင့်တနေတာကြောင့် တော်လှန်စစ်ရဲ့ အသီးအပွင့်ကို ခံစားနိုင်အောင် ဝိုင်းဝန်းအားထုတ်ဖို့ တိုက်တွန်းထားပါတယ်။
အခုအခါ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ဟာ အံ့ဩမှင်သက်ရလောက်အောင် ပြောင်းလဲတိုးတက်မှုတွေကို မြင်တွေ့နေရပြီဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။
ဒါ့ပြင် အောင်ပွဲရလဒ်တွေကို အညီညွတ်ပြုပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ဖို့အထိ သယ်ဆောင်သွားနိုင်ဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
ရှမ်းမြောက်က အောင်မြင်မှုအပါအဝင် ရခိုင်မှာ တိုင်းရင်းသားလွတ်မြောက်ရေးကို မြင်တွေ့ရပြီး ကချင်က ခုခံတော်လှန်စစ်တွေကလဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲခံလာတာကို တွေ့မြင်ရတယ်လို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။