မတ်လ (၁၉) ရက်။
ရှမ်းမြောက် ကျောက်မဲမြို့က ရပ်ကွက်တွေမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ အိမ်ထောင်စု စာရင်းတွေ စတင်ကောက်ခံနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေကိုယ်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့အတူ အိမ်ထောင်စုနဲ့ မှတ်ပုံတင်စာရင်း လိုက်ကောက်နေပြီး စစ်မှုထမ်းရမယ့်သူစာရင်းတွေကိုလည်း အိမ်ကို လာရောက်ပြောသွားတာလို့ သိရပါတယ်။
ကျောက်မဲမှာ စစ်မှုထမ်းရမယ့်သူစာရင်း ၂ ရာ ကျော်ရှိတယ်လို့ သိရပြီး စစ်မှုထမ်းရမယ့်သူတွေကို တစ်ပြိုင်နက်တည်း ခေါ်တာမျိုး မဟုတ်ဘဲ အပတ်စဥ်တစ်ခုမှာ ၄ ယောက်သွားရမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ စစ်ကောင်စီဘက်က စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းထားပါတယ်။
စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းပြီးနောက် နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်အလိုက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ဖွဲစည်းခဲ့ပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် မိဘတွေရော အသက် ၁၈ နှစ်ကနေ အသက် ၃၅ အရွယ် လူငယ်လူရွယ်တွေရော စိတ်ဖိစီးမှုများစွာ ခံစားနေရပြီး ဒီလို အခြေအနေကို ဘယ်လိုကျော်ဖြတ်ရမလဲ မသိတော့ဘူးလို့ ရန်ကုန်ဒေသခံတဦးက ပြောပါတယ်။