မတ်လ (၂၀)ရက်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ မျက်နှာစုံညီအစည်းအဝေးကို မတက်ရောက်ခဲ့ဘူးလို့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီမျက်နှာစုံညီအစည်းအဝေးရဲ့ ထုတ်ပြန်ကြေညာချက်ထဲ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ တက်ရောက်ခဲ့တဲ့စာရင်းမှာ LDU ပါဝင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အပစ်ရပ်အဖွဲ့တွေရဲ့ မျက်နှာစုံညီအစည်းအဝေးကို LDU အနေနဲ့ မတက်ရောက်ခဲ့သလို တက်ရောက်နေတဲ့ ကျာဆော်လမွန်နဲ့ အပေါင်းအပါတွေဟာ LDU မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ကျာဆော်လမွန်ကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၈)ရက်နေ့မှာ ရာထူးကနေ ရပ်စဲထားပြီးဖြစ်ကာ သူဟာ ဒီကနေ့အချိန်အထိ LDU နာမည်ကို အလွဲသုံးစားပြုပြီး စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ ရေးသားထားပါတယ်။
အခုအခါ LDU အနေနဲ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းထားတာ အဆုံးသတ်စေဖို့အတွက် တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့ အစုအဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိခိုင်ဖို့၊ စစ်ကောင်စီ အာဏာသိမ်းထားတာ အဆုံးသတ်နိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ ဦးတည်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။