မတ်လ (၂၁)ရက်။
စစ်ကောင်စီဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းမြောက်ပိုင်း မြို့နယ်အများအပြားက နယ်မြေ (၈၀)ရာခိုင်နှုန်းခန့်ကို လက်လွှတ်ဆုံးရှုံးထားရပြီဖြစ်တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက ခရိုင်(၈)ခုနဲ့ မကွေးတိုင်းထဲက ခရိုင်(၂)ခု စုစုပေါင်း ခရိုင်(၁၀)ခုတို့မှာ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြို့နယ် (၁၃၇)မြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ခဲ့ပြီး တိုင်းဒေသကြီးတွေရဲ့ (၈၅)ရာခိုင်နှုန်းမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို မြို့တွေကို ပိုမိုသိမ်းယူလာပြီးနောက်ပိုင်းမှာ ကြားကာလဒေသန္တရအုပ်ချုပ်ရေးဖော်ဆောင်မှုက ပိုမိုအင်အားကောင်းပြီး ကျယ်ပြန့်လာတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် NUG က စစ်ကိုင်းမှာ အခြေခံပညာအဆင့်ကို တစ်တိုင်းလုံးမှာ ဆောင်ရွက်နေပြီး ကျောင်းသူကျောင်းသားပေါင်း (၄၈၀၀၀၀) စာရင်းသွင်းခဲ့တာကို ဥပမာအနေနဲ့ ပြောဆိုထားပါတယ်။
၂၀၂၃-၂၄ခုနှစ်ထဲ NUG ပညာရေးဝန်ကြီးဌာနမှာ ကျောင်းအပ်ထားတဲ့ ကျောင်းသားကျောင်းသူ စုစုပေါင်း (၇၂၇၈၆၀)ဦးရှိခဲ့ကာ ကျောင်းပေါင်း (၅၉၄၉)ကျောင်း ဖွင့်လှစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေအတွက် မြန်မာကျပ်ငွေ ကျပ်(၁၀)ဘီလီယံခန့်ကိုလဲ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေမှာ သုံးစွဲခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။