မတ်လ (၂၂)ရက်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ People Media က အယ်ဒီတာချုပ် ကျော်စိုးဦး ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်မှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
“ ဒီကနေ့ နံနက် (၁၀)နာရီခွဲလောက်မှာ ပြန်လွတ်လာတာလို့ သိရပါတယ်။ သူတို့ဘက်ကတော့ ခေါ်ယူဆွေးနွေးတာသာဖြစ်တယ်လို့ သိရပါတယ်” လို့ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
People Media အယ်ဒီတာချုပ် ကျော်စိုးဦးကို စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဌာနကို ဝေဖန်တယ်ဆိုပြီး မတ်လ (၁၉)ရက်နေ့ ညပိုင်းက နေပြည်တော်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
“ သူ့ကို ထိန်းသိမ်းစစ်ဆေးတဲ့အဆင့်ပေါ့။ ပုဒ်မတပ်ထားမျိုးတော့မရှိဘူးလို့ သိရတယ်။ ပြန်လွှတ်ပေးမယ်လို့လည်း သိရတာ။ အခုတော့ လွှတ်ပေးလိုက်တာပေါ့” လို့ သူက ဆက်ပြောပါတယ်။
ကျော်စိုးဦးဟာ မတ်လ (၁၈)ရက်နေ့ ညပိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ပြည်ထဲရေးကတာဝန်ရှိသူတွေ သေနတ်ကိုင်ပြီး ကြောက်နေတာလားဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုခဲ့ပါတယ်။
People Media အပါအဝင် စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေဟာ နေပြည်တော်မှာ အခြေစိုက်ပြီး စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတွေက ငွေကြေးထောက်ပံ့ပေးနေတာလို့ သိရပါတယ်။