မတ်လ (၂၃)ရက်။
NUCC၊ NUG အနေနဲ့ လူထုကို စစ်မှုထမ်းဥပဒေ ဆန့်ကျင်အာခံဖို့အတွက် စနစ်ကျတဲ့လုပ်ငန်းစဉ်တွေ လမ်းညွှန်ချပြတာတွေ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က မတ်လ (၂၂)ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး လူထုကို တိကျရှင်းလင်းတဲ့ ထုတ်ပြန်ချက်တွေ,၊ အသိပညာပေးချက်တွေကို ထုတ်ပြန်ချပြတာတွေ လုပ်ဖို့ ဆိုထားပါတယ်။
NUG ဟာ နိုင်ငံတော်ရဲ့အစိုးရလို့ သတ်မှတ်ထားပြီး PDF ကို ဖွဲ့စည်းထားကာ ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာ၀န်ယူ တာ၀န်ခံပြီး ကာကွယ်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအတွက် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အခြေစိုက်ရာဒေသတွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံခွင့်ရရှိနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးတာ၊ စစ်ကောင်စီရဲ့ တိုက်ခိုက်တဲ့ရန်ကနေ ပြည်သူကို ကာကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။
ပအဖ၊ ပလဖ၊ ပကဖ စတဲ့အဖွဲ့တွေနဲ့ NUG ကွပ်ကဲမှုအောက်က အစုအဖွဲ့တွေရဲ့ ပုံရိပ်ကျဆင်းလာတာတွေ၊ လူထုက အယုံအကြည်ကင်းမဲ့လာတာတွေကို ပြန်လည်ထိန်းကြောင်းပြီး လူထုရဲ့ ယုံကြည်မှုကို ပြန်လည်ရယူတည်ဆောက်ဖို့ ပြောဆိုထားပါတယ်။
နယ်မြေသစ်မှာ နိုင်ငံတော်သစ်ထူထောင်နိုင်ဖို့ အခြေခံအကျဆုံးနဲ့ အရေးပါဆုံးဖြစ်တဲ့ ပြည်သူကို လက်ခံနေရာချထားပေးနိုင်ဖို့ လက်တွေ့ကျ ထိရောက်တဲ့ လုပ်ငန်းစဉ်တွေကို ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။