မတ်လ (၂၅)ရက်။
ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းကူညီပေးတဲ့ ဝန်ထမ်း (၅)ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ PDF Zoland ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း (၅)ဦးဟာ သတိပေးချက်ကို ဂရုမစိုက်ဘဲ စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းရာမှာ ကူညီပေးကြတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ (၅)ဦးဟာ လက်ထောက်အင်ဂျင်နီယာ(စည်ပင်) ကပ်ဆွင်းခွါလ်(၃၆)နှစ်၊ ဒုကြီးကြပ်(မွေး/ကု) ခွါလ်လျန်းမုန်(၅၅)နှစ်၊ ထွေအုပ်စာရေး လျန်းလမ်ခိုင်(၄၈)နှစ်၊ အား/ကာမှူး ရှင်းခန့်ခွါလ်(၄၈)နှစ်နဲ့ လဝကအငယ်တန်းစာရေး နန်ဆွင်းဂင့်(၅၇)နှစ်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“ သည်းခံနားလည်မှုဆိုတာ အကန့်အသတ်ရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပံ့ပိုးသူတွေကို ဆက်လက်အရေးယူသွားပါမယ်” လို့ PDF Zoland က ပြောဆိုထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း(၅)ဦးကို စစ်ဆေးတာတွေပြုလုပ်နေပြီး ဆက်လက်အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။