မတ်လ (၂၅)ရက်။
ဒီကနေ့ နံနက် (၁၁)နာရီ (၁၉)မိနစ်အချိန်က မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ (၇၄)လမ်း၊ (၃၂)လမ်းနဲ့ (၃၃)လမ်းကြားရှိ KBZ ဘဏ်ခွဲ အမှတ်(၄၆)ကို ဆိုင်ကယ်နှစ်စီးနဲ့ အမည်မသိအမျိုးသား(၃)ဦးက ဓါးပြတိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီအမည်မသိအမျိုးသား (၃)ဦးဟာ သေနတ်နဲ့ ရဲဒင်းတို့ကိုင်ဆောင်ကာ ဘဏ်ထဲ ခြိမ်းခြောက်ဝင်ရောက်ခဲ့ပြီး ကောင်တာပေါ်ရှိ ကျပ်သိန်း (၂၀၈၀)ခန့်ကို ယူဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ KBZ ဘဏ် ဓါးပြတိုက်ခံရတဲ့သတင်းကတော့ ကြားပါတယ်။ ဖြစ်တာကလဲ လူစည်ကားတဲ့ မြို့လယ်မှာဖြစ်တာ။ ဓါးပြတိုက်တာတို့ လုယက်တာတို့က စကစလက်ထက်မှာ ပိုဆိုးတာပေါ့။ မြို့ကလူတွေလည်း အကုန် သတိဝရိယနဲ့ သွားလာနေရတယ်” လို့ မြို့ခံတစ်ဦးက ပြောဆိုထားပါတယ်။
အမည်မသိ အမျိုးသား (၃)ဦးဟာ ဘဏ်ထဲရှိ ဝန်ထမ်းတွေနဲ့ ဘဏ်လုပ်ငန်းဆောင်ရွက်သူတွေကို လက်နက်ပြခြိမ်းခြောက်ကာ ဓါးပြတိုက်ခဲ့တာကို စီစီတီဗွီမှတ်တမ်းတွေအရ သိရပါတယ်။
အခုအခါ ဓါးပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေကာ ဓါးပြတိုက်တဲ့ဖြစ်စဉ် အများစုကိုတော့ ဖမ်းဆီးရမိတာမရှိသးဘူးလို့ သိရပါတယ်။