မတ်လ (၂၇)ရက်။
မနေ့က နံနက်ပိုင်းအချိန်မှာ မိတ္ထီလာမြို့ရှိ ပြည်သာယာအနီးမှာ စစ်တပ်ရဲ့ ရဟတ်ယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ဟာ စစ်တပ်ရဲ့ လေ့ကျင့်ရေး ရဟတ်ယာဉ်ငယ်တစ်စင်းဖြစ်ကာ ရဟတ်ယာဉ်မှူးတစ်ဦးနဲ့ သင်တန်းသားတစ်ဦး လိုက်ပါခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီရဟတ်ယာဉ်ဟာ လေ့ကျင့်ပျံသန်းနေချိန် ပြည်သာယာအနီးကို အရောက်မှာ ရုတ်တရက် စက်ချို့ယွင်းခဲ့တာကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အရေးပေါ်ဆင်းသက်ခဲ့ရချိန် ရဟတ်ယာဉ်မှူးနဲ့ သင်တန်းသားတို့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပေမယ့် ရဟတ်ယာဉ်ငယ်ကတော့ ပျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ပျက်ဆီးသွားတဲ့ ရဟတ်ယာဉ်ငယ်ကို သက်ဆိုင်ရာဌာနချုပ်သို့ ဆယ်တင်ဆောင်ရွက်ပြီးဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
စစ်ကောင်စီထုတ်ပြန်တာမှာ ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာအတိအကျကို ဖော်ပြထားတာမရှိဘဲ အဲ့ဒီရဟတ်ယာဉ်ဟာ ပြည်သာယာအနီးက မဟူရာသုဿာန်ထဲ ပျက်ကျတာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။