မတ်လ (၂၇)ရက်။
ဆီဆိုင်မြို့ထဲနဲ့ မြို့ပတ်၀န်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြို့ထဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က တင့်ကားတွေအသုံးပြုပြီး ထိုးစစ်ဆင်နေသလို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အဆမတန် ပစ်ခတ်တာကြောင့် ပြည်သူတွေရဲ့ အိုးအိမ်တွေ ပျက်စီးနေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့ထဲကို အရဲစွန့်၀င်လာတဲ့ ပြည်သူတွေကို စစ်ကောင်စီက ပသ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးတာနဲ့ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးတာတွေကို ကြားသိနေရတယ်လို့ ဖော်ပြထားပါတယ်။
အခုအခါ ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ဇုန်ထဲကို ကျရောက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့အတွက် မြို့ထဲကို အရဲစွန့်၀င်လာတာတွေ လုံး၀(လုံး၀)မပြုလုပ်သင့်ဘူးလို့ ရေးသားထားပါတယ်။
ပြည်သူတွေအနေနဲ့ PNLA က တရား၀င်သတင်းထုတ်ပြန်တာတွေကို စောင့်ကြည့်ကြဖို့နဲ့ တရား၀င် အသိပေးထုတ်ပြန်တာ မရှိသေးဘဲ မြို့ထဲကို အရဲစွန့် ၀င်လာတာတွေ မပြုလုပ်ကြဖို့ အထူးတိုက်တွန်းထားပါတယ်။
နောက်ပြီး မဲနယ်တောင်ဒေသကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီဟာ သူတို့ရောက်နေတဲ့ ပအိုဝ်းကျေးရွာတွေမှာ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတာနဲ့ ခိုးယူတာတွေ ပြုလုပ်နေတယ်လို့ PNLA က ပြောဆိုထားပါတယ်။
မနေ့ကလဲ စစ်ကောင်စီစစ်ကြောင်းဟာ လုံးဒါကျေးရွာထဲကို ၀င်ရောက်ပြီး ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ကာ ရွာထဲ တပ်စွဲနေထိုင်ခဲ့ကာ လွယ်မောတောင်ဒေသကို လက်နက်ကြီးနဲ့ (၄)ကြိမ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။