ဧပြီလ (၂)ရက်။
အကျဉ်းသားတွေ ဆေးကုသခွင့်ရရှိဖို့ တောင်းဆိုတဲ့ “ အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး” ဓါတ်ပုံကမ်ပိန်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ အဖွဲ့သားတွေက ဒီကနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဓါတ်ပုံကမ်ပိန်းကို PPNM အဖွဲ့သူအဖွဲ့သားတွေက (၅)ကြိမ်မြောက် လှုပ်ရှားမှုအနေနဲ့ ပြုလုပ်ခဲ့ကာ အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့ အကျဉ်းသားတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ တောင်းဆိုထားပါတယ်။
အကျဉ်းထောင်ထဲရှိ ထောင်ဆေးရုံတွေမှာ ဆေးဝါးအစုံအလင်ထားရှိပေးဖို့နဲ့ အရေးကြီးလူနာတွေကို ပြင်ပဆေးရုံတွေဆီ အချိန်နဲ့တပြေးညီ ဆေးကုသခွင့်ပြုဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကမ်းပိန်းပြုလုပ်ရတာဟာ ထောင်ထဲ ဆေးဝါးကုသခွင့်မရရှိတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်/ကျဉ်းတွေရှိခဲ့သလို အချိန်မှီဆေးကုသခွင့်မရလို့ ကိုယ်ဝန်ဆောင် နိုင်/ကျဉ်းမိခင်တွေနဲ့ ကလေးငယ်တွေ သေဆုံးခဲ့ရတာတွေကြောင့်လို့ ရေးသားထားပါတယ်။
အဲ့ဒီဖြစ်စဉ်တွေဟာ လူ့အခွင့်အရေးအပြည့်အဝမရရှိတဲ့အပြင် အကျဉ်းသားအခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေရတဲ့အကြောင်းကို မြန်မာပြည်သူတွေအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းကို သိရှိစေချင်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် အကျဉ်းထောင်တွေထဲက အကျဉ်းသားအားလုံး ဆေးကုသခွင့်ရရှိဖို့ ICRC အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနကို ဖိအားပေးတောင်းဆိုဖို့ ဖိနှိပ်ခံအကျဉ်းသားတွေကိုယ်စား PPNM ရဲ့ တောင်းဆိုထားချက်အရ သိရပါတယ်။