ဧပြီလ (၂)ရက်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ အခုဆို မြန်မာနိုင်ငံမြောက်ပိုင်းဧရိယာတစ်ခုလုံးရဲ့ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ KIA ရဲ့ ခုခံတော်လှန်စစ်ရေးရလဒ်တွေက အားရကျေနပ်စရာကောင်းတာကို တွေ့ရပါတယ်” လို့ သူက ဆိုပါတယ်။
လက်ရှိတည်ဆဲအခင်းအကျင်းမှာ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်သားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားထဲ ပေါင်းစည်းနိုင်ခဲ့တာကို လက်ကမ်းကြိုဆိုတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
“ အတိတ်က လျှောက်လှမ်းခဲ့တဲ့ တော်လှန်ရေးအသီးသီးရဲ့ နောက်ကွယ်က ကျေးဇူးပြုမှုတွေ ရှိခဲ့လို့သာ နွေဦးတော်လှန်ရေးလှိုင်းဟာ အမြင့်မားဆုံး ဒီရေအထိ ရောက်ရှိခဲ့တာ” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အချိန်အခါကောင်းနဲ့ အခွင့်အခါကောင်းကို အလေးအနက်ထား စဉ်းစားပြီး လူထုအတွက် အကောင်းဆုံးသော တော်လှန်ရေးရလဒ်တွေ ထပ်မံဆောင်ကြဉ်းပေးဖို့ကိုလဲ ယာယီသမ္မတက မေတ္တာရပ်ခံထားပါတယ်။
လာမယ့် ၂၀၂၅ခုနှစ်မှာ မျှော်မှန်းနိုင်မယ့် တော်လှန်ရေးရလဒ်တွေကို အခုအချိန်ကထဲက ကွင်းဆက်မိမိ စနစ်တကျ တည်ဆောက်ထားဖို့ အထက်ပါပုဂ္ဂိုလ်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။