ဧပြီလ (၁၀)ရက်။
NUCC ကို တိုင်ပင်ဆွေးနွေးတာမရှိဘဲ NUG က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်လုပ်ဆာင်ခဲ့တာတွေ ထပ်မလုပ်ဖို့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံမှာ ချမှတ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
NUG ဟာ တရုတ်နိုင်ငံဆိုင်ရာမူဝါဒထုတ်ပြန်တာ၊ ဘုံနိုင်ငံရေးရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်တာနဲ့ FSCC ဖွဲ့စည်းတာတွေ စတဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာကိစ္စရပ်တွေ ဆောင်ရွက်ခဲ့ရာမှာ NUCC ကို တိုင်ပင်ဆွေးနွေးတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
NUG အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြဋ္ဌာန်းချက်တွေအတိုင်း တိကျစွာလိုက်နာပြီး NUCC ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ ထိန်းကျောင်းမှုတွေကို လေးစားလိုက်နာဆောင်ရွက်ဖို့ ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
NUCC အနေနဲ့လဲ ဘုံနိုင်ငံရေးသဘောတူညီမှုတွေ ရရှိနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ထိတွေ့ဆွေးနွေးတာတွေကို အမြန်ဆုံးစတင်လုပ်ဆောင်သွားဖို့ ရေးသားထားပါတယ်။
ဒါ့ပြင် တိုင်းရင်းသားပြည်သူလူထုတွေနဲ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်တာအပါအဝင် အစိုးရခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ အနိုင်ကျင့် ဖိနှိပ်ညှင်းပန်းခဲ့တာတွေ အားလုံးအတွက် NUCC နဲ့ NUG တို့ဦးဆောင်ကာ နိုင်ငံတော်အဆင့် ဝန်ချတောင်းပန်တာ ပြုလုပ်ဖို့ ပြောဆိုထားပါတယ်။
အဲ့ဒီနောက် NUG ရဲ့ ဘဏ္ဍာငွေရှာဖွေတာနဲ့ သုံးစွဲတာတွေကို စိစစ်ကြပ်မတ်နိုင်ဖို့ စီမံလုပ်ဆောင်ရန်နဲ့ ဘဏ္ဍာရေးစာရင်းအင်းတွေကို စာရင်းစစ်အဖွဲ့တွေနဲ့ စစ်ဆေးကြီးကြပ်တာတွေ လုပ်ဆောင်ပြီး ပြည်သူ့ညီလာခံကို အစီရင်ခံစာ တင်ပြဖို့ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။