vဧပြီလ (၁၀)ရက်။
၂၀၀၂ခုနှစ် စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးယူခဲ့တဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)က စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
KNSO ဟာ ကရင်နီပြည်၊ လိုပွာခိုခရိုင်(မော်ချီးဒေသ)ထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၂ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့တာလို့ ဆိုပါတယ်။
အခုအခါ စစ်တပ်က အာဏာသိမ်းလိုက်ပြီး လက်နက်အားကိုးနဲ့ အင်အားသုံးတိုက်ခိုက်လာတာကြောင့် ကရင်နီပြည်ထဲက ပြည်သူတွေသာမက တစ်နိုင်ငံလုံးကပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး လူငယ်လူရွယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာကြောင့် KNSO အနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် လုံးဝ ကန့်ကွက်ရှုတ်ချတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် KNSO ဌာနချုပ်ရုံးအခြေပြုတဲ့ ခဲမဖြူကျေးရွာထဲကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ မော်ချီးရှိ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ရှော့တိုက်ဒုံးတွေပစ်ခတ်တာကြောင့် စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ပြီလို့ ပြောဆိုထားပါတယ်။
ဒါကြောင့် KNSO အဖွဲ့အနေနဲ့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို ကရင်ပြည်ထဲက လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူတွေနဲ့ပူးပေါင်းကာ အာဏာရှင်တွေချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့အထိ ပါဝင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။