ဧပြီလ (၁၁)ရက်။
KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ခလရ(၂၇၅)စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ်(၂)တံတားမှာ ပုန်းရှောင်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထပ်မံထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်တွေအနေနဲ့ ထိုင်းဘက်ကို ခိုလှုံဖို့ စီစဉ်နေပေမယ့် အခုအချိန်အထိ သွားရောက်နိုင်တာမရှိဘဲ ပိတ်မိနေကာ ပြည်သူကို ရမ်းသန်းပစ်ခတ်နိုင်တဲ့အတွက် အဲ့ဒီအနီးအနားကို မသွားကြဖို့ အသိပေးထားပါတယ်။
မြဝတီမြို့က တပ်စခန်းတွေအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လာနိုင်တဲ့အတွက်လဲ သတိနဲ့ ဘေးကင်းရာမှာ နေထိုင်ကြဖို့ KNU က ပြောဆိုထားပါတယ်။
မြဝတီမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ခလရ(၂၇၅)တပ်စခန်းကို KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီကနေ့ နံနက်အစောပိုင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က အဲ့ဒီစခန်းအနီးတစ်ဝိုက်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ ဒီကနေ့ နံနက်ပိုင်း မြို့အပြင်ဘက်မှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ပျံသွားပြီးတဲ့အချိန် ဗုံးတစ်လုံးလာကြဲချခဲ့တာပါ။ မြို့ထဲဘက်ကတောင် အဲ့ဒီဗုံးကြဲတဲ့ဒဏ်ကို ခံစားမိတယ်” လို့ မြဝတီမြိုခံတစ်ဦးက ဆိုထားပါတယ်။
မြဝတီမြို့က စစ်ကောင်စီရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၂၇၅)စခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀၀)နီးပါးဟာ မနေ့က ညပိုင်းကထဲက စခန်းစွန့်ခွာပြီး အမှတ်(၂)တံတားဘက်ကို ထွက်ပြေးသွားတာလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။