ဧပြီလ (၁၁)ရက်။
ဧပြီလ (၁၇)ရက် နှစ်ဆန်းတစ်ရက်နေ့မှာ လူထုတိုက်ပွဲခေါ်သံ စက္ကူလေယာဉ်သပိတ်ကို ပြည်သူတွေ ပါဝင်တော်လှန်ဖို့ တော်လှန်ရေးအင်အားစုတွေက ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်က ကလေးငယ်နဲ့ ပြည်သူ အသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ ဧပြီလ (၁၇)ရက် နှစ်ဆန်းတစ်ရက်နေ့မှာ တစ်နှစ်တိတိရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဧပြီလ (၁၇)ရက် နှစ်ဆန်းတစ်ရက်နေ့မှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်တာတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ စက္ကူလေယာဉ်သပိတ်ကို ဖော်ဆောင်တာလို့ ဖော်ပြထားပါတယ်။
ပြည်တွင်း၊ ပြည်ပ လူထုအင်အားနဲ့ စက္ကူလေယာဉ်တွေကနေတစ်ဆင့် ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုကို တော်လှန်ပုန်ကန်ပြီး အသက်အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ရပ်တည်တဲ့ လူထုတိုက်ပွဲကို ပြုလုပ်မယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်အုပ်စု လေယာဉ်ဆီ ဝယ်ယူရရှိနေတာ ရပ်တန့်သွားဖို့၊ လေယာဉ်ဆီ သယ်ယူရောင်းချ တင်ပို့ပေးနေတဲ့ နိုင်ငံအစိုးရတွေနဲ့ ကုမ္ပဏီတွေကို ရပ်တန့်ဖို့အပြင် တာဝန်ယူမှုရှိစွာနဲ့ အရေးယူပိတ်ဆို့ဖို့ ဖိအားပေး တိုက်တွန်းကြမယ်လို့ ပြောဆိုထားပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၄၀)နဲ့ ပြည်သူစုစုပေါင်း (၁၆၄)ဦး ကျဆုံးခဲ့ကာ နှစ်ဆန်းတစ်ရက်နေ့ဟာ ရက်လည်အမျှဝေပေးခဲ့တဲ့နေ့ဖြစ်တယ်လို့ သိရပါတယ်။