ဧပြီလ (၂၃)ရက်။
မနေ့က နေ့လယ်(၁)နာရီခန့်က နမ့်ဆန်မြို့ရှိ မန်ခိုက်ရပ်ကွက်မှာ စစ်ကောင်စီထောင်ထားတဲ့မိုင်း နင်းမိပြီး လူငယ်အမျိုးသားတစ်ဦး ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အသက်(၂၀)နှစ်အရွယ်ရှိ မောင်ကျော်ဇင်ဟိန်းဆိုသူဟာ နမ့်ဆန်မြို့ရှိ အရင်စစ်တပ်ကုန်းဟောင်းအနီး ငှက်ပစ်သွားရာကနေ စစ်ကောင်စီထောင်ထားတဲ့မိုင်းကို နင်းမိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီထောင်ထားတဲ့မိုင်း နင်းမိသူဟာ လားရှိုးမြို့၊ ရပ်ကွက်(၁၂)မှာ နေထိုင်သူဖြစ်ပြီး နမ့်ဆန်မြို့မှာ အလုပ်လာရောက်လုပ်ကိုင်သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလထဲ နမ့်ဆန်မြို့မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေကို TNLA က ရှင်းလင်းခဲ့ရာ မြေမြှုပ်မိုင်း(၄၁)လုံး၊ ပေါင်(၃၀၀)တစ်လုံးနဲ့ ပေါင်(၅၀၀)တစ်လုံး ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခုမိုင်းပေါက်တဲ့နေရာဟာ ချုံပင်တွေထူထပ်တာကြောင့် ရှင်းလင်းဖို့ခက်ခဲတဲ့အတွက် မိုင်းမရှင်းလင်းနိုင်သေးတဲ့နေရာဖြစ်ကာ အဲ့ဒီနေရာကို မိုင်းအန္တရာယ်ရှိတဲ့နေရာအနေနဲ့ သတိပေးစာကပ်ထားတယ်လို့ သိရပါတယ်။