ဧပြီလ (၂၉)ရက်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ဧပြီလ (၂၂)ရက်နေ့မှာ လက်နက်ကြီးပစ်ကူတွေအသုံးပြုပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို ပြန်လည်ရယူဖို့အတွက် ဧပြီလ (၁၉)ရက်နေ့ကစပြီး အင်အားအများအပြားနဲ့ လက်နက်ကြီးပစ်ကူတွေ အသုံးပြုပြီးနောက် ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အခုအခါ ကော့ကရိတ်မြို့ထဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြုလုပ်နေပြီး ဧပြီလ (၂၇)ရက်အထိ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့တဲ့ ပြည်သူ (၅၉၇)ဦးခန့် ပြန်လည်၀င်ရောက်နေထိုင်နေပြီလို့ ဖော်ပြထားပါတယ်။
ကော့ကရိတ်မြို့နဲ့ အနီး၀န်းကျင်တွေမှာ KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစုစုပေါင်း အကြိမ်ရေ (၂၀)ကျော်ဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဘက်က ကော့ကရိတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်စိုးမိုးခဲ့တဲ့ နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုတဲ့အပေါ် KNU ဘက်ကတော့ ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။
ဒါ့ပြင် ကော့ကရိတ်မြို့ကို နယ်မြေရှင်းရေးလုပ်ဖို့အပါ၀င် မေလဆန်းပိုင်းကစပြီး ဌာနဆိုင်ရာလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ဆိုပြီး စစ်ကောင်စီဘက်က ညွှန်ကြားထားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။