ဧပြီလ (၃၀)ရက်။
ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ မနေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးတပ်တွေနဲ့ AA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး (၄)လကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
“ မနေ့က ကျင်ဒွေးမြို့ကို ရခဲ့ပါပြီ၊ စစ်ကောင်စီဘက်က ၂၀ လောက်ကိုလည်း အရှင်ရလိုက်ပါသေးတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။
တော်လှန်ရေးတပ်တွေဖက်က တဖက်ဖွင့်ပေးလိုက်ပြီး စစ်ကောင်စီက တပ်ဆုတ်သွားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ တပ်ဆုတ်တဲ့အချိန်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းမိခဲ့တာလို့ စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။
ကျင်ဒွေးမြို့ မကျစေဖို့ကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်နေတဲ့ကြားက တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ကျင်ဒွေးမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ကတည်းက CDF-ကန်ပက်လက်နဲ့ ချင်းမဟာမိတ်တပ်ဖွဲ့တွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်ဖို့ ချင်းကာကွယ်ရေးတပ်တွေနဲ့ ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်-YDF၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က Generation Z Army (GZမျိုးဆက်တပ်တော်) နဲ့ အခြား မဟာမိတ်ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် AA က ပူးပေါင်းပါဝင်တိုက်ခိုက်လာခဲ့တာပါ။
ကျင်ဒွေးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာကို သက်ဆိုင်ရာတော်လှန်ရေး အင်အားစုတွေဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
ဓာတ်ပုံ။
ကွယ်လွန်သူ ကိုဇောင်းလေးမှ ခေတ်မျက်လုံးသို့ ပို့ပေးလာသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ကျင်ဒွေးမြို့ကို သိမ်းပိုက်ရန် ပြင်ဆင်နေသည့် CDF-Kanpetlet တပ်ဖွဲ့ဝင်များ