ဧပြီလ (၃၀)ရက်။
နယ်စပ်ကုန်သွယ်ရေးမြို့ (၅)မြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံးရဲ့ (၆၀)ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ NUG ရဲ့ ဒီကနေ့မှာထုတ်ပြန်တဲ့ (၃)နှစ်ပြည့်ကြေညာချက်အရ သိရပါတယ်။
PDF (၃)နှစ်တာကာလထဲ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင့်၊ တိုက်ပွဲဝင်ခဲ့ရာကနေ အခုအခါ မဟာဗျူဟာမြောက် ထိုးစစ်တွေကို စတင်ဖော်ဆောင်လာနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
စစ်ရေးမဟာဗျူဟာတွေကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၊ (J2C) စတဲ့ ကော်မတီတွေဖွဲ့စည်းပြီး ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။
NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာ အဓိကကျတဲ့ စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ နေပြည်တော်၊ ပြင်ဦးလွင်နဲ့ ကပစလက်နက်ထုတ်စက်ရုံတွေ စတာတွေကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
NUG ရဲ့ စိုးမိုးထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပြည်သူတွေလုံခြုံရေးအတွက် ပကဖ၊ ပလဖတို့ကို ဖွဲ့စည်းထားပြီး တရားဥပဒေစိုးမိုးရေးအတွက် ပအဖအဆင့်ဆင့်နဲ့ တရားရေးဌာနအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ ဖော်ဆောင်နေတဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့လဲ Federal and State Coordination Commission(FSCC)ကို ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
အခုအခါ စစ်ကောင်စီဟာ လုံးဝယိုင်နဲ့နေပြီး အဆုံးသတ်ပြိုလဲဖို့သာ ကျန်တော့တဲ့အတွက် NUG နဲ့ တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့အတူ အရှိန်အဟုန်မြှင့်ကာ ပြည်သူတွေကလဲ ဆက်လက်တိုက်ပွဲဝင်သွားဖို့ တိုက်တွန်းထားချက်အရ သိရပါတယ်။