ဧပြီလ (၃၀)ရက်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အတွက် ရုပ်ထုပြုလုပ်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေပူးပေါင်းကာ ကမ်ပိန်းတစ်ခုကိုပြုလုပ်နေတယ်လို့ သိရပါတယ်။
“ လုပ်တာကတော့ မဲဆောက်မှာပါ။ အင်အားစုတွေပူးပေါင်းပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ ရုပ်ထုကို ပြုလုပ်ဖို့ နှစ်လတိတိ ကမ်ပိန်းလုပ်ချင်တာပါ။ မိသားစုဝင်တွေဆီကလဲ ခွင့်ပြုချက်ယူထားပါတယ်” လို့ ကမ်ပိန်းမှာပါဝင်သူတစ်ဦးက ဆိုပါတယ်။
အဲ့ဒီကမ်ပိန်းကို ဗိဿနိုး PDF အပါအဝင် မကွေးအရှ့ခြမ်းတပ်ရင်း(၃)၊ Scarlets Revolution Force(မြိုင်)၊ Myanmar Revolution Army(ဆားလင်းကြီး)၊ မင်းဘူးခရိုင်တပ်ရင်း(၆)၊ Shinobi UG နဲ့ YGN UG တို့က ပူးပေါင်းလုပ်ဆောင်နေတာပါ။
“ ကမ်ပိန်းရဲ့ ရည်ရွယ်ချက်က မြေလတ်ဒေသအတွက် စစ်ဆင်ရေးလုပ်ရင်း မြို့ပြနဲ့ အားကောင်းတဲ့ စစ်ကြောင်းတပ်ပေါင်းစုထောင်ဖို့ပါ။ နောက်ပြီး အညာဒေသကအဖွဲ့တွေ UG တွေနဲ့ ကရင်နီကစစ်ကြောင်းတွေပေါင်းပြီး သမိုင်းဝင်ရုပ်ထုဖြစ်စေချင်လို့ပါ” လို့ သူက ဆက်ပြောပါတယ်။
အခုလို ကမ်ပိန်းတစ်ခုပြုလုပ်ပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ ရုပ်ထုပြုလုပ်တာကို သက်ဆိုင်ရာမိသားစုဝင်တွေဆီကနေ ခွင့်ပြုချက်ရယူထားပြီးဖြစ်ကာ ရုပ်ထုကို ကျွန်းနက်မဟုတ်ဘဲ ကောင်းမွန်တဲ့ သစ်အမျိုးအစားတမျိုးမျိုးနဲ့ ပြုလုပ်သွားဖို့ရှိနေတာပါ။
ဒါ့ပြင် အဲ့ဒီကမ်ပိန်းကို ဥယျာဉ်မှူးစစ်ဆင်ရေးအနေနဲ့ တော်လှန်ရေးအင်အားစု (၆)ဖွဲ့က တိုင်ပင်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုကမ်ပိန်း(Union Campaign)ကို စတင်လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။