မေလ (၁) ရက်။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီရဲ့ အထိုင်စခန်းတစ်ခုကို ၂၀၂၄ခုနှစ်၊ ဧပြီ ၂၈ ရက်၊ မနက် ၆ နာရီခွဲဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ဧပြီ ၃၀ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက)အမှတ် (၁၃)၊ အုပ်ချုပ်မှုဌာနမှ ဌာနမှုး ဒုတိယဗိုလ်မှုးကြီးတင်ကို အပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ငယ် ၁၉ လက် ၊ ၆၀ မမ စိန်ပြောင်း တစ်လက် အပါအဝင် ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့မှာ ပြင်ဦးလွင်မြို့နဲ့ ၁၀ မိုင်အကွာမှာရှိတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့အနီးရှိ သရက်ကုန်းရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်စခန်းကို MDY – PDF က သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် MDY-PDF နဲ့ စစ်ကောင်စီတပ်တွေကြား နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာ အနီးတစ်ဝိုက်မှာလည်း နေ့စဉ်တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်နေတဲ့အတွက် သရက်ကုန်းကျေးရွာအပါအဝင် အနီးအနားက ရွာပေါင်း ၁၅ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို စစ်ရှောင်နေရတယ်လို့ သိရပါတယ်။