မေလ (၁၀)ရက်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီးက စစ်ကောင်စီရဲ့ ခမရ(၄၃၇)တပ်စခန်းကို KIA၊ KPDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေကာ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။
မေလ (၈)ရက်နေ့ကစပြီး မိုးမောက်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ထုတ်ခဲ့ပြီးနောက် နောက်ဆုံးကျန်ရှိနေတဲ့ မြို့အပြင်က ခမရ(၄၃၇)တပ်စခန်းကို ထပ်မံတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
မိုးမောက်မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အပြင်က ခမရ)၄၃၇)တပ်စခန်းကို သွားရောက်ပူးပေါင်းခဲ့ကာ မေလ(၉)ရက်နေ့ကစပြီး KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာလို့ သိရပါတယ်။
စစ်ကောင်စီဘက်ကလဲ စခန်းမကျစေဖို့အတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေပြီး စစ်ကောင်စီရဲ့ စစ်ကားနဲ့ သံချပ်ကာကားအချို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိထားတယ်လို့ ကချင်စစ်ရေးသတင်းတွေက ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကောင်စီရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ခမရ(၄၃၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေအနေနဲ့ သိမ်းပိုက်နိုင်ခဲ့ပါက မိုးမောက်မြို့မှာ စစ်ကောင်စီတပ်စခန်း ကင်းစင်တော့မှာဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။
ဒါ့ပြင် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားရှိ စစ်ကောင်စီလုံခြုံရေးဂိတ်ကို KIA ပူးပေါင်းတပ်တွေဟာ မနေ့က ညပိုင်းအချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။