မေလ (၁၆)ရက်။
မေလ (၁၁)ရက်နေ့ကစပြီး (၁၃)ရက်နေ့အထိ သထုံမြို့က ကျေးရွာတွေထဲကို စစ်ကောင်စီလက်အောက်ခံ အမတ(၃၁၄)၊ ခမရ(၉)နဲ့ ခလရ(၈)တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်ရင်းတွေဟာ သထုံမြို့ထဲက ရွှေရောင်ပြကျေးနယ်၊ ဝီယော်ကျေးနယ်၊ ကဒီပုကျေးနယ်နဲ့ ဒေါက်ရပ်ကျေးနယ်က ကျေးရွာတွေနဲ့ အနီးအနားကို လက်နက်ကြီး အလုံးရေအများအပြားနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုပစ်ခတ်တာတွေကြောင့် အဝန်းကြီးရွာက ဒေသခံ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ထိမှန်သေဆုံးခဲ့ကာ ဒေါက်ရပ်ရွာ၊ အဝန်းကြီးရွာနဲ့ ရွှေရောင်ပြရွာတို့က ဒေသခံ (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးတွေကြောင့်လဲ ဒေါက်ရပ်ရွာ၊ ထုံးဘိုလေးရွာနဲ့ အဝန်းကြီးရွာတို့က ဒေသခံနေအိမ် (၂၃)လုံး ထိခိုက်ပျက်စီးခဲ့ကာ ဆိုင်ကယ်အချို့ ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် အဝန်းကြီးရွာ၊ ဇီးဝန်းရွာ၊ ရွှေရောင်ပြရွာ၊ ဒေါင်းရွာ၊ ပန်းအောင်ကုန်းရွာ၊ ခလောက်အင်းရွာ၊ မရမ်းကုန်းရွာနဲ့ မိချောင်းအိုင်ရွာက ဒေသခံ (၄၅၇၈)ဦး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ အမတ(၃၁၄)တပ်ရင်းဟာ ဇီးဝန်းရွာအနောက်ဘက်မှာ တပ်စွဲထားပြီး ခမရ(၉)တပ်ရင်းက ဝင်းပရွာအနီး တပ်စွဲထားသလို ခလရ(၈)တပ်ရင်းက ဘီးလင်းမြို့၊ ရပ်ကွက်(၈)မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။