မေလ (၂၃)ရက်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့ထဲမှာ စစ်ကောင်စီမရှိတော့ဘူးလို့ BPLA ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ဒီကနေ့မှာ အသိပေးပြောဆိုထားချက်အရ သိရပါတယ်။
အခုအခါ ဖာပွန်မြို့ထဲက စစ်ကောင်စီရဲ့ ခလရ(၁၉)နဲ့ ခမရ(၄၃၄)တို့ကို သိမ်းပိုက်ထားပြီးဖြစ်ကာ မြို့ထဲကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားပြီလို့ ဆိုပါတယ်။
ဖာပွန်မြို့အနီးက စစ်ကောင်စီရဲ့ စစန(၆၄၂)ဟာ စစ်လက်နက်ပစ္စည်းတပ်စု(လက်ရုံးတပ်)အဆင့်သာရှိပြီး တပ်စခန်းကနေ ဆုတ်ခွာသွားတာကြာပြီလို့ ဖော်ပြထားပါတယ်။
“ လက်ကျန် ခမရ(၃၄၀)၊ (၃၄၁)နဲ့ စဗခရဲ့ တချို့အစိတ်အပိုင်းတွေပဲ ဆက်သိမ်းဖို့ ကျန်ပါတော့တယ်” လို့ သူက ပြောဆိုထားပါတယ်။
ဒါ့ပြင် KNLA ရဲ့ စစ်ရေးဦးဆောင်မှုနဲ့အတူ PDF၊ FFD နဲ့ BPLA စတဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အခုရက်ပိုင်းထဲ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရေးသားထားပါတယ်။
ဖာပွန်ခရိုင်ဟာ ကရင်လူထုခေါင်းဆောင် KNU ဖခင်ကြီး စောဘဦးကြီး နောက်ဆုံးညီလာခံခေါ်ခဲ့တဲ့နေရာဖြစ်ကာ အားလုံးအတွက် နိုင်ငံရေးအရ တန်ဖိုးကြီးမားပြီး ရအောင်ယူဖို့ တိုက်တွန်းထားချက်အရ သိရပါတယ်။