မေလ (၂၇) ရက်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မေလ (၂၃) ရက်နေ့ နေ့လယ် (၃) နာရီနဲ့ (၄) နာရီဝန်းကျင်မှာ ပျောက်ဆုံးသွားခဲ့တဲ့ ပုလဲမြိုနယ်-ပလဖ ရဲဘော်ပုလဲမောင်ရဲ့ အလောင်းကို ပအဖ ဦးဇော်ထက်အိမ်ရဲ့ မြေအောက်ခန်းမှာတွေ့ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
တရားရေးက ဇာနည်အောင်ကတော့ ပုလဲမောင်ဟာ သရက်သီးစားပြီး သွေးတိုးလို့ သေသွားတာလို့ ထွက်ဆိုထားတယ်လို့ သိရပါတယ်။
တော်လှန်ရေးခေါင်းဆောင်တစ်ဦးနဲ့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ပုလဲမောင်ရဲ့ အလောင်းဟာ နှာခေါင်းကျိုးနေတယ်၊ နောက်ဆက်အရိုက်ခံထားရတယ်၊ ညို့သကျည်းကျိုးနေပြီး ခန္ဓာကိုယ်မှာ မီးသင်းထားတဲ့ဒဏ်ရာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ပို့ပေးလာတဲ့ဓာတ်ပုံတွေအရလည်း ပြောဆိုချက်တွေနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။
အသတ်ခံရတဲ့ ပုလဲမောင်ဟာ ပအဖ ဦးဇော်ထက်ရဲ့ PA တဦး ဖြစ်တယ်လို့ သိရှိရပြီး စကားပြောလည်း လိမ္မာယဥ်ကျေးတယ်၊ လူမှုဆက်ဆံရေးလဲတော်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နှမျောမိတယ်လို့လည်း ပြောပါတယ်။
ဒေသခံတွေကတော့ ပုလဲမောင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားမျှတမှု ရရှိလိုတယ်လို့ ပြောပါတယ်။
ခေတ်မျက်လုံးသတင်းဌာနအနေနဲ့ NUG တရားရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။