မေလ (၃၁)ရက်။
ကရင်ပြည်နယ်မှာ အာဏာသိမ်းချိန်ကစပြီး စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်တာတွေကြောင့် ပြည်သူ (၄၉၄၅၉၀)ဦးအထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကို ရည်ရွက်ချက်ရှိရှိ ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေဟာ ထိတ်လန့်စွာနဲ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
မေလ (၂၄)ရက်နေ့ကလဲ စစ်ကောင်စီတပ်တွေဟာ ရွှေကျင်ကနေ လက်နက်ကြီးတွေနဲ့ စဲစူးရွာထဲကို ပစ်ခတ်ခဲ့ရာ အရပ်သားနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနေ့ ည(၁၀)နာရီ (၂၇)မိနစ်က စစ်ကောင်စီတပ် ခမရ(၂၀)က ရေဖြူကန်ရွာထဲကို (၁၅၅)မမ ဟောင်ဝစ်ဇာလက်နက်ကြီး (၃)လုံးနဲ့ ပစ်ခတ်ခဲ့ကာ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
မေလ (၂၈)ရက်နေ့ကလဲ စစ်ကောင်စီတပ် ခလရ(၂၆၄)တပ်ရင်းဟာ ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ထောင်လောင်ရွာထဲ ပစ်ခတ်ခဲ့တာကြောင့် သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ် ခလရ(၂၆၄)က ည(၆)နာရီကနေ (၁၁)နာရီအထိ ၁၅၅မမနဲ့ ၁၂၀မမ ဟောင်ဝစ်ဇာလက်နက်ကြီး စုစုပေါင်း (၁၁)လုံးပစ်ခတ်ခဲ့ကာ ပဒဲကောရွာအောက်မီး၊ ဆွယ်တီရွာအနီး၊ ဝမ်ချဲရွာ၊ ကျောင်းကုန်းရွာနဲ့ ရေတွင်းကုန်းရွာအနီးကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မေလ (၂၉)ရက်နေ့ ည(၈)နာရီအချိန်ခန့်က စစ်ကောင်စီတပ်တွေဟာ ဆိပ်ကြီးဂိတ်ကနေ ၈၁မမ လက်နက်ကြီး (၂)လုံးကို ပစ်ခတ်ခဲ့ရာ ကျောက်ခဲကြီးရွားထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂)လုံးပျက်စီးခဲ့ရပါသေးတယ်။
နောက်ပြီး မူးမြို့ထဲ မေလ (၂၉)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ငနွားဆိပ်ရွာစာသင်ကျောင်းဘေးမှာ စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။