ဇွန်လ (၂) ရက်။
မနေ့က ဇွန်လ ၁ ရက်နေ့ နေ့လည် (၁၁) နာရီ (၂၂) မိနစ်မှာ တနင်္သာရီတိုင်း၊ ခမရ (၄၀၇)တပ်ရင်းက ထားဝယ်မြို့ဘက်ကို အိမ်ကားတစ်စီး ထွက်လာတာကို သတင်းရလို့ ရေဖြူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှောက်သွားပြီး ဗိုလ်ကြီး ဇင်ဝင့်အောင်ဆိုသူ သေဆုံးသွားတယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ဒီနေ့ ဇွန်လ (၂) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီဖြစ်စဉ်မှာ ကားထဲမှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်နှစ်ဦးကို တွေ့ရှိခဲ့တဲ့အတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး ကားနဲ့အတူ သက်သေခံ ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) နဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေ တိုးမြှင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်လို့ စစ်ရေး အထူးသတိပြုသွားလာကြဖို့ တိုက်တွန်းထားပါတယ်။