ဇွန်လ (၅)ရက်။
မနေ့က ည(၇)နာရီ (၄၀)မိနစ်အချိန်မှာ မင်္ဂလာဒုံမြို့ရှိ အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ NOKA UG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
NOKA-UG ရဲဘော်တွေအနေနဲ့ မြို့ပြပျောက်ကျားစစ်ဆင်ရေးအနေနဲ့ အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်း (၂)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးထဲ NOKA-UG ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကာ ထိခိုက်တာတွေရှိခဲ့တယ်လို့ ကနဦးမြေပြင်သတင်းကို ကိုးကားပြီး ဖော်ပြထားပါတယ်။
အနန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရတာကို စစ်လော်ဘီချန်နယ်တွေကလဲ ပြောဆိုထားကာ လူထိခိုက်တာမရှိဘဲ ရုံးအဆောက်အအုံ ထိခိုက်သွားတယ်လို့ ရေးသားထားပါတယ်။
NOKA-UG ရဲဘော်တွေအနေနဲ့ မြို့ပြပျောက်ကျားစစ်ဆင်ရေးကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်တပ်ထောက်တိုင်မှန်သမျှ ချေမှုန်းတိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေရာတွေနဲ့ အနည်းဆုံး မီတာ(၅၀)အကွာအဝေးကနေ ရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။