ဇွန်လ (၁၂)ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)အတွက် အမျိုးသမီးတွေကိုပါ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ မြို့နယ်ပကဖရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
“ ပုသိမ်က ကျေးရွာအုပ်စုတွေမှာ စစ်မှုထမ်းအပတ်စဉ် (၃)ကစပြီး အမျိုးသမီးတွေကိုပါ စခေါ်ဖို့ အုပ်မှူးတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်” လို့ မြို့နယ်ပကဖက ဆိုပါတယ်။
စစ်ကောင်စီဟာ ပုသိမ်မြို့ရှိ ကျေးရွာအုပ်စုတွေက အုပ်ချုပ်ရေးမှူးတွေကို ကျေးရွာအုပ်စု(၁)စုကို အမျိုးသမီးတစ်ယောက်နှုန်း ခေါ်ယူဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။
ကျေးရွာအုပ်စုတွေမှာ စစ်မှုထမ်းဖို့ ဆန္ဒပြုသူအမျိုးသမီးတွေအနေနဲ့ ပုသိမ်ထောင် ကုန်းတပ်သားစုဆောင်းရေးမှာ စာရင်းပေးသွင်းနိုင်ဖို့ စာရင်းတွေ လက်ခံနေပြီလို့လဲ ဖော်ပြထားပါတယ်။
လာမယ့်စစ်မှုထမ်းသင်တန်း အပတ်စဉ်(၃)မှာ အမျိုးသမီးတွေ ခေါ်ယူထားတာကြောင့် အမှတ်(၆) လေ့ကျင့်ရေးသင်တန်းကျောင်းမှာ အမျိုးသမီးအဆောင်တွေ ဆောက်လုပ်ထားတယ်လို့ ပြောဆိုထားပါတယ်။
ဇွန်လ (၁၀)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်ကလဲ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ်(၆)လေ့ကျင့်ရေးသင်တန်းကျောင်းက စစ်မှုထမ်းတပ်သားသစ်တွေကို Faw ကား(၃)စီးနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။