ဇွန်လ (၁၇)ရက်။
ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Dark Shadow အဖွဲ့ဝင် (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သံလျင်တံတား အမှတ်(၃)ဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ စီစဉ်တယ်ဆိုပြီး ဖမ်းဆီးခဲ့ရာက Dark Shadow အဖွဲ့ဝင်အချို့ကို ထပ်မံဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ထပ်မံဖမ်းမိခဲ့သူ (၄)ဦးဟာ ကိုမျိုးသိန်းထွန်း၊ ကိုဇော်ကြီး(ခ)ကိုထက်၊ ကိုရဲဇော်ထွန်း(ခ)ဖီးနစ်နဲ့ ကိုရှိန်းမြင့်မိုရ်အောင်(ခ)ကိုရှိန်းတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ ဓါတ်ပုံတွေထဲက လူငယ်အချို့ဟာ မျက်နှာဖူးယောင်ကာ ရိုက်နှက်ခံထားရတဲ့ပုံကို တွေ့ရှိရပါတယ်။
သူတို့ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စေခိုင်းခဲ့ပြီး လိုအပ်တဲ့ လက်နက်/ခဲယမ်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ပို့ဆောင်ပေးခဲ့တာလို့ စစ်ကောင်စီက ပြောဆိုထားပါသေးတယ်။
ထပ်မံဖမ်းဆီးရမိခဲ့သူတွေဟာ မင်္ဂလာတောင်ညွှန့်မြို့ရှိ လျှပ်စစ်ရုံးရှေ့နဲ့ လှိုင်သာယာမြို့ရှိ (၅)လမ်းထိပ်က ရဲကင်းစခန်းတို့ကို ပစ်ခတ်ဖောက်ခွဲခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ သန်လျင်တံတားသစ်ဖွင့်ပွဲကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ စီစဉ်တယ်ဆိုပြီး အမျိုးသား (၈)ဦးနဲ့ အမျိုးသမီး (၁)ဦးတို့ကို ကနဦး ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။