ဇွန်လ (၁၈)ရက်။
မိတ္ထီလာဒေသမှာ လုံခြုံရေးသတိရှိကြဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ(၁၆)ရက်နေ့မှာသွားရောက်ခဲ့တဲ့ တပ်နယ်ခရီးစဉ်ထဲ သတိပေးပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မိတ္ထီလာဒေသက လက်ရုံးတပ်ဖွဲ့တွေအနေနဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်တွေအလိုက် တိုက်ပွဲ၀င်နိုင်ဖို့အတွက် အမြဲအသင့်ရှိစေဖို့ကို ကြိုတင်ဆောင်ရွက်ထားကြဖို့ ညွှန်ကြားထားပါတယ်။
တပ်တွင်း၊ တပ်ပြင်က အင်အားတွေနဲ့ ဒေသလုံခြုံရေး ဆောင်ရွက်ကြဖို့နဲ့ အမြဲတမ်းတိုက်ပွဲ၀င် အသင့်ဖြစ်နေဖို့အတွက် လေ့ကျင့်နေရမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။
နိုင်ငံတ၀န်းမှာ စစ်ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ သမိုင်းအစဉ်အလာကြီးမားပြီး စစ်တပ်နယ်မြေဖြစ်တဲ့ မိတ္ထီလာဒေသမှာပါ နယ်မြေလုံခြုံရေးအတွက် စိုးရိမ်နေရပြီး လုံခြုံရေးကိစ္စကို အထပ်ထပ် သတိပေးနေရပါတယ်။
“ အခုဆို စစ်ကောင်စီက ဒေသတော်တော်များများမှာ ထိုးစစ်ဆင်တိုက်ခိုက်ခံနေရတာ၊ အဲ့ဒီတိုက်ပွဲတွေမှာ မရှု့မလှရှုံးနိမ့်နေရလို့ စစ်ကောင်စီကို စစ်ရှုံးစစ်ကောင်စီဆိုပြီး ပြောဆိုတာခံနေရပြီပေါ့၊ ဒီလိုအခြေအနေတိုင်းသာ ဆက်သွားနေမယ်ဆိုရင် စစ်ကောင်စီပြုတ်ကျဖို့က သိပ်မလိုတော့ဘူး” လို့ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
နိုင်ငံတ၀န်း အခု (၅)လတာကာလထဲ စစ်ကောင်စီတပ်ဘက်က လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တပ်စခန်းပေါင်း (၂၀၀)ကျော်ရှိနေပြီဖြစ်သလို ကချင်နဲ့ ရခိုင်ဒေသတို့မှာလဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်တာခံနေရတယ်လို့ သိရပါတယ်။