ဇွန်လ (၂၂)ရက်။
ပြည်တွင်းမှာ ဆန်းဈေးနှုန်းမြင့်တက်လာတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဥက္ကဋ္ဌအပါအ၀င် တာ၀န်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆန်စပါးအသင်းချုပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
“ ဆန်စပါးအသင်းဥက္ကဋ္ဌ ဦးရဲမင်းအောင်ကော ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်အောင်တို့ပါတယ်ပြောတယ်၊ နောက်ပြီး ဆန်ပွဲစားတွေလဲ ခေါ်စစ်ခံနေရတယ်၊ အဓိကကတော့ ဆန်ဈေးနှုန်းမြင့်တာကြောင့်ဆိုပြီး သိရတယ်” လို့ အသင်းနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ပြည်တွင်းမှာ ဆန်ဈေးနှုန်းမြင့်တက်တဲ့အပေါ် ဆန်စပါးအသင်းချုပ်နဲ့ တာ၀န်ရှိသူတွေကို စစ်ကောင်စီက အခုရက်ပိုင်းကစပြီး ခေါ်ယူစစ်ဆေးနေကာ နယ်ဆန်ကုန်သည်တွေလဲ ပါ၀င်တယ်လို့ သိရပါတယ်။
ပြင်ပဆန်ဈေးနှုန်းတွေဟာ ဆန်စပါးအသင်းချုပ်က သတ်မှတ်ထားတဲ့ ဈေးနှုန်းထက် ပိုမိုမြင့်တက်နေပြီး အသင်းအနေနဲ့ တာ၀န်ယူတာ ပေါ့လျော့တဲ့အတွက် အခုလို ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။
ပြည်တွင်းမှာ ဆန်စပါးဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတဲ့အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တာ၀န်ရှိသူတွေကို ခေါ်ယူပြီး လိုအပ်တာတွေ မေးမြန်းဆွေးနွေးနေတာဆိုပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ပြည်တွင်းမှာ ရွှေဈေးနှုန်းမြင့်တက်ခဲ့တာကြောင့် ရန်ကုန်ရွှေအသင်းက ဥက္ကဋ္ဌအပါအ၀င် တာဝန်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းတာတွေရှိခဲ့ပြီး အခုအခါ ဆန်စပါးအသင်းက တာ၀န်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာပါ။
ပြည်တွင်းမှာ ဈေးနှုန်းတွေမြင့်တက်လာတိုင်း စစ်ကောင်စီက အခုလို ခေါ်ယူဖမ်းဆီးစစ်ဆေးတာတွေဟာ မှန်ကန်တဲ့ဖြေရှင်းချက်မဟုတ်ဘဲ ငွေကြေးဖောင်းပွတာကြောင့် အဓိကဖြစ်တယ်လို့ သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။