ဇွန်လ (၂၄)ရက်။
ဒီကနေ့ နံနက်ပိုင်းက (၁၁)နာရီဝန်းကျင်မှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ အုပ်ချုပ်ရေးမှူးနဲ့ စာရေးမတစ်ဦးတို့ ပစ်ခတ်ခံခဲ့ရတယ်လို့ စစ်တပ်သတင်းတွေထံက သိရပါတယ်။
တောင်တွင်းကြီးမြို့၊ ညာဂမိုးအုပ်စုရှိ ဖျောက်ဆိပ်ကုန်းကျေးရွာက ရပ်ကျေးစာရေးမနေအိမ်မှာ ညာဂမိုးအုပ်စုအုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းနဲ့ ရပ်ကျေးစာရေးမ ဒေါ်ဌေးဌေးမြင့်ဆိုသူတို့ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
ရပ်ကျေးစာရေးမနေအိမ်ကို ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ဦး ဝင်ရောက်လာခဲ့ပြီး ဦးညွန့်ဝင်းနဲ့ ဒေါ်ဌေးဌေးမြင့်တို့ကို သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာလို့ ဖော်ပြထားပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးညွန့်ဝင်းဟာ နောက်စေ့ဖောက်ဝင်ပြီး ဝဲပါးဖောက်ထွက်ဒဏ်ရာတစ်ချက်၊ ဒေါ်ဌေးဌေးမြင့်ဟာ ယာနားထင်ဖောက်ဝင်ဒဏ်ရာနဲ့ ယာပါးဖောက်ဝင်ဒဏ်ရာတို့ရရှိပြီး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် လာရောက်ပစ်ခတ်သူ အမျိုးသားနှစ်ဦးဟာ ဆတ်သွားကျေးရွာဘက်ကို ပြန်လည်ထွက်ခွာသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေနေတယ်လို့ ပြောဆိုထားပါတယ်။
အခုလို အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစာရေးမတို့ကို ဘယ်အဖွဲ့အစည်းက သေနတ်နဲ့ပစ်ခတ်သွားခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်လာတာမရှိသေးဘူးလို့ သိရပါတယ်။