ဇွန်လ (၂၄)ရက်။
ဒီကနေ့ နံနက်(၁၁)နာရီခန့်က ဒိုက်ဦးမြို့နယ်ရှိ မြို့မရဲစခန်းအနီးမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ စစ်ကောင်စီသတင်းတွေအရ သိရပါတယ်။
“ သူက စကစခန့်ထားတဲ့ ကုန်သည်ရပ်ကွက်အုပ်ချုပ်ရေးမှူးပါ။ ဆိုင်ကယ်နဲ့ကွမ်းထွက်ဝယ်တဲ့အချိန် သေနတ်နဲ့ပစ်ခံရတာ၊ နေရာမှာပဲသေသွားတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပစ်ခတ်ခံရသူဟာ ဒိုက်ဦးမြို့ရှိ ကုန်သည်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဖြစ်ကာ ဆိုင်ကယ်နဲ့ ကွမ်းယာထွက်ဝယ်ချိန် ဆိုင်ကယ်သမားနှစ်ဦးက ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟာ အခင်းဖြစ်တဲ့နေရာမှာပဲ သေနတ်ဒဏ်ရာနှစ်ချက်ရရှိကာ သေဆုံးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ မသိရသေးပါ။
ဒါ့ပြင် ဇွန်လ (၂၁)ရက်နေ့ကလဲ ဒိုက်ဦးနှင်းဝိသံတံတားအနီးမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့တွေ စီးနင်လာတဲ့ကား မိုင်းခွဲခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သိရပါတယ်။