ဇွန်လ (၂၅)ရက်။
ဒီကနေ့ကစပြီး မန္တလေး-မိုးကုတ်နဲ့ မန္တလေး-မြစ်ကြီးနားကားလမ်းကို သွားလာတဲ့အချိန်တွေ ကန့်သတ်ထားတယ်လို့ ပြင်ဦးလွင်ခရိုင်-ပကဖရဲ့ အသိပေးကြေညာထားချက်အရ သိရပါတယ်။
အဲ့ဒီလမ်းပိုင်းတွေကို ည (၇)နာရီကနေ နံနက်(၆)နာရီအထိ ခရီးသွားလာတာမပြုလုပ်ဖို့နဲ့ သတ်မှတ်ချိန်ထဲ သွားလာပါက ကားမှန်တွေချပြီး မောင်းနှင်ဖို့ ဆိုပါတယ်။
ကြေညာချက်ထဲမှာ စစ်ကောင်စီရဲ့ယာဉ်တွေနဲ့ အနီးကပ်နေထိုင်သွားလာတာကို ရှောင်ကြဉ်ဖို့နဲ့ တိုက်ပွဲဖြစ်ပွားသံကြားပါက ဘေးကင်းရာမှာ ရပ်ထားဖို့ အသိပေးထားပါတယ်။
အခုထုတ်ပြန်တဲ့ ဒေသန္တရာဆိုင်ရာတားမြစ်ချက်တွေကို လေးစားလိုက်နာပေးသွားဖို့နဲ့ မလိုက်နာပါက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့ပြင် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မယ့် အချိန်ကိုလဲ အလျဉ်းသင့်သလို ထုတ်ပြန်ပေးသွားမယ်လို့ ပြင်ဦးလွင်ခရိုင်-ပကဖရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။