ဇွန်လ (၂၆)ရက်။
ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ပြီး တစ်ပတ်အကြာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ကောင်စီရဲ့ဒီကနေ့ထုတ်သတင်းစာမှာ ပြန်ပေါ်လာခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ဖွင့်ပွဲကို တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီပညာရေးညီလာခံဖွင့်ပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုငနဲ့အတူ ဒုစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် ကောင်စီဝင်တွေနဲ့ စစ်ကောင်စီဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင်ဟာ ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်ခတ်သတ်ဖြတ်တာဟာ PDF တွေလုပ်တာလို့ လိမ်လည်သတင်းထုတ်ပြန်ခိုင်းပေမယ့် ငြင်းမရတဲ့အဆုံးမှာ ဝန်ခံတောင်းပန်ခဲ့ရတာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တောင်းပန်လွှာကို သူ့ရဲ့လက်အောက်ခံတွေကနေတစ်ဆင့် ပေးပို့ခိုင်းခဲ့တာဖြစ်ပြီး လူသိရှင်ကြား သတင်းစာနဲ့ ရုပ်မြင်သံကြားတွေကနေ ထုတ်လွှင့်ခဲ့တာမရှိဘဲ စစ်လော်ဘီချန်နယ်တွေဘက်ကနေသာ ဖော်ပြလာခဲ့ကြတာပါ။
အခုလို တောင်းပန်လွှာပေးပို့ခဲ့ပေမယ့် ဆရာတော်ကြီးတွေဘက်က မေ့ဖျောက်ဖို့မဖြစ်နိုင်ဘူးလို့ မိန့်ကြားခဲ့ကာ စစ်ကောင်စီကို ဘာသာရေးအရ ဆက်ဆံတာမပြုဘဲ သပိတ်မှောက်ကံဆောင်ဖို့ တပည့်သံဃာဟောင်းတွေက တိုက်တွန်းထားပါတယ်။
ဒါ့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီကို မြို့နယ်အများအပြားက သံဃာတော်တွေကလဲ ပတ္တနိက္ကုဇ္ဇုန သပိတ်မှောက်ကံဆောင်တာတွေ အသီးသီးပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။