ဇွန်လ (၂၈)ရက်။
ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေထဲက စစ်ကောင်စီဝန်ထမ်းတွေ နုတ်ထွက်ပြောင်းရွှေ့ကြဖို့ KNU က ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
အခုအခါ ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရှုပ်ထွေးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒူးပလာယာခရိုင်ထဲက အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ရှုပ်ထွေးတာတွေ မရှိစေဖို့ အသိပေးထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။
KNU ရဲ့ သတိပေးထုတ်ပြန်ချက်ထဲ စစ်ကောင်စီလက်အောက်ခံ ဌာနအသီးသီးက ဝန်ထမ်းတွေအားလုံး နုတ်ထွက်တာ၊ ပြောင်းရွှေ့တာ (ဒါမှမဟုတ်) အတူပူးပေါင်းကြဖို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီကို အားပေး၊ ထောက်ခံ၊ ကူညီတဲ့ ဘယ်လိုလုပ်ဆောင်ချက်တွေကိုမှ မပြုလုပ်ဖို့ကိုလဲ KNU က သတိပေးထားပါတယ်။
အခုထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်တာမရှိရင် ဒူးပလာယာခရိုင် တပ်မဟာ(၆)အနေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။