ဇွန်လ (၂၉)ရက်။
ဇွန်လ (၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်မှာ သဲကုန်းမြို့နယ်၊ ဇီးကုန်းကျေးရွာက သစ်ပင်စိုက်ပွဲလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ်-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဇီးကုန်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့၀င် စစ်သား၊ ရဲ၊ ထွေ/အုပ်နဲ့ စည်ပင်တွေက လမ်းဘေးမှာ ဟန်ပြလုပ်နေတဲ့ သစ်ပင်စိုက်ပွဲကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သစ်ပင်စိုက်ပွဲက စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ပြည်ခရိုင် PDF(၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၃)၊ Wisdom အဖွဲ့က အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ (၃)ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ကားတွေနဲ့ သဲကုန်းမြို့နယ်ဘက်ကို သယ်ဆောင်ပြီး အဲ့ဒီကနေ ရွှေတောင်မြို့နယ် ကုတင်(၁၀၀)ဆေးရုံကို ထပ်မံပို့ဆောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီဒေါက်တိုင်တပ်ဖွဲ့၀င်တွေဟာ ဆင်မြီးဆွဲဘက်ကနေ ဇီးကုန်းရွာအနီးကို ကားလေး (၈)စီးနဲ့ရောက်ရှိလာပြီး လမ်းဘေးဝဲယာမှာ ဟန်ပြသစ်ပင်စိုက်ဖို့ ပြုလုပ်နေတဲ့အချိန် အသင့်ထောင်ထားတဲ့ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့၀င်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်တွေကို ပြင်းပြင်းထန်ထန် အရေးယူနေတာကြောင့် ပြည်သူတွေအနေနဲ့ သူတို့နဲ့နီးစပ်တဲ့နေရာတွေကို ရှောင်တိမ်းသွားလာကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။