ဇွန်လ (၃၀)ရက်။
အပစ်ရပ်သဘောတူညီချက်ကို နှစ်ဖက်စလုံးက လျစ်လျူရှုထားတာကြောင့် ရှမ်းမြောက်ဒေသထဲ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အာဏာသိမ်းတပ် မင်းအောင်လှိုင်ဟာ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA၊ AA တို့နဲ့အတူ ရရှိထားတဲ့ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ပြီး ဗုံးကြဲတိုက်ခိုက်လာတာလို့ ဆိုပါတယ်။
မနေ့က နံနက် (၈)နာရီအချိန်က စစ်ကောင်စီတပ်ရင်း(၅၇၉)က MNDAA နယ်မြေဖြစ်တဲ့ လားရှိုးမြို့မြောက်ဘက်က နမ့်ဖူးယိုင်ကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ခုခံပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကိုးကန့်နယ်မြေထဲ စစ်ကောင်တပ်က ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် MNDAA ဘက်က ရှေ့တန်းတပ်သာ (၂)ဦး ကျဆုံးခဲ့ရကာ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး နံနက် (၁၁)နာရီမှာ စစ်ကောင်စီက ပြန်လည်ဆုတ်ခွာသွားတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် တိုက်ခိုက်တာမအောင်မြင်လို့ ဆုတ်ခွာသွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့၊ ဟိုပိတ်၊ (၁၁)မိုင်ကနေ အမြောက်ကျည်မျိုးစုံနဲ့ ပစ်ခတ်ခဲ့သလို ည(၈)နာရီခွဲမှာလဲ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
“ ၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲအနေနဲ့ ရှမ်းမြောက်ဒေသထဲ TNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေရာက လားရှိုးမြို့အနီး ကို့ကန့်တပ်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တယ်လို့ သိရပါတယ်။