ဇူလိုင်လ (၁)ရက်။
ကရင်နီပြည်ထဲ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အရပ်သားသတ်ဖြတ်ခံရသူ (၅၀၉)ဦးအထိရှိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကစပြီး ၂၀၂၄ခုနှစ် ဇွန်လ (၃၀)ရက်အထိ ကရင်နီပြည်ထဲ စစ်ရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို PKPF က ဆိုထားပါတယ်။
ကရင်နီဒေသထဲ စစ်ဘေးရှောင်သေဆုံးသူ (၁၅၃)ဦးရှိပြီး KNDF အပါအ၀င် PDF နဲ့ KA တပ်ဖွဲ့၀င် (၅၈၉)ဦး ကျဆုံးခဲ့ကာ တိုက်ပွဲပေါင်း (၁၁၆၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာ (၁၆၃၆)ကြိမ်ရှိခဲ့ကာ ဘာသာရေးအဆောင်အအုံ (၅၂)လုံး၊ နေအိမ် (၂၆၁၆)လုံး၊ ဆေးရုံဆေးခန်း (၁၆)လုံးနဲ့ စာသင်ကျောင်း (၂၄)ကျောင်း ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က (၃၄၁၅)ဦး သေဆုံးခဲ့သလို စစ်ကောင်စီယာဉ် (၆၈)စီးနဲ့ တိုက်လေယာဉ် (၄)စီး ပျက်စီးခဲ့ကာ မတရားဖမ်းဆီးခံရသူအရေအတွက်ဟာ (၁၆၂)ဦးရှိတယ်လို့ ပြောဆိုထားပါတယ်။
နေအိမ်ပျက်စီးခဲ့တဲ့အထဲ ဒီမော့ဆိုက အများဆုံးဖြစ်ပြီး (၇၈၂)လုံးအထိရှိခဲ့ကာ လွိုင်ကော်မှာ (၇၂၉)လုံးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ဖယ်ခုံမှာ (၅၀၀)ကျော်၊ မယ်စဲ့မှာ (၂၀၀)ကျော်၊ ဖရူဆိုမှာ (၁၀၀)ကျော်၊ ဖားဆောင်းမှာ (၈၀)ကျော်၊ ရှာတောမှာ (၆၀)ကျော်နဲ့ ဘောလခဲမှာ (၃၀)ကျော်တို့ဖြစ်တယ်လို့ သိရပါတယ်။