ဇူလိုင်လ (၁)ရက်။
ဇွန်လ (၂၉)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း (၁၆၁)မိုင်မှာ စစ်ကောင်စီရဲ့ ဖောကား(၂)စီးကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၃၅၀၁)တပ်ရင်း၊ ဘုရင့်နောင်စစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီဖောကား(၂)စီးကို ရေတာရှည်မြို့နယ်၊ အမြန်လမ်း (၁၆၁)မိုင်ရှိ ရွာသစ်ကျေးရွာအနီးမှာ ရန်ကုန်ကနေ နေပြည်တော်ကိုလာတဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့တွေက လက်ဦးမှုရယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီရဲ့ ဖောကားတစ်စီး ထိုးရပ်သွားခဲ့ကာ ကားသမားထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးကာ (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကားတစ်စီး ရပ်သွားတဲ့အချိန် လက်နက်ကောက်ဖို့ ကြိုးစားခဲ့ပေမယ့် စစ်ဖောကားတစ်စီး ထပ်မံရောက်ရှိလာတာကြောင့် ပစ်ခတ်ဆုတ်ခံာခဲ့တယ်လို့ ရေးသားထားပါတယ်။
ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးခဲ့တဲ့သူတွေကို စစ်ကောင်စီဘက်က တောင်ငူနှစ်ဆောင်ပြိုင်စစ်ဆေးရုံကို ခေါ်သွားခဲ့ကာ ပြင်းထန်ဒဏ်ရာရသူတွေထဲက (၂)ဦးကို နေပြည်တော်ဆေးရုံကို ထပ်မံပို့ဆောင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီဖောကားတွေ ပစ်ခတ်ခံရတဲ့နေရာဟာ အမြန်လမ်း (၁၆၁)မိုင်ရှိ စမိုးတံတားနဲ့ (၃)မိုင်ခန့်အကွာမှာဖြစ်ပြီး အခုအခါ ဇေတ၀န်ကျောင်းထဲ စစ်ကောင်စီက အင်အား(၃၀)နဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။