ဇူလိုင်လ (၃)ရက်။
စဉ့်ကူးမြို့၊ မိုးကုတ်-မတ္တရာလမ်းပိုင်းရှိ စစ်ကောင်စီရဲ့နွယ်ရုံရဲကင်းစခန်းကို ဆုတ်ခွာပေးလိုက်ရပြီလို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။
ကျည်တောက်ပေါက်ရွာအနီးရှိ စစ်ကောင်စီရဲ့ နွယ်ရုံရဲကင်းစခန်းကို TNLA ပူးပေါင်းတပ်တွေက ဇူလိုင်လ (၁)ရက်နေ့ နံနက်ပိုင်းအချိန်ကစပြီး တိုက်ခိုက်ခဲ့ကာ ဇူလိုင်လ (၂)ရက်နေ့ ညပိုင်းမှာတော့ စခန်းကနေ ဆုတ်ခွာပေးခဲ့ရတာလို့ ဆိုပါတယ်။
TNLA ပူးပေါင်းတပ်တွေဟာ နွယ်ရုံရဲကင်းစခန်းအပါအ၀င် စစ်ကောင်စီရဲ့ ရွှေပြည်၊ ချောင်းကြီးနဲ့ ပင်လယ်ကြီး စတဲ့ ရဲကင်းစခန်းတွေကို တပြိုင်ထဲ ၀င်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
အခုအခါ စစ်ကောင်စီရဲ့ ပင်လယ်ကြီးရဲကင်းစခန်းအနီးတဝိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ပစ်ကူပေးနေရတယ်လို့ ရေးသားထားပါတယ်။
နွယ်ရုံရဲကင်းစခန်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး ပစ်ခတ်တာတွေကြောင့် ကျည်တောက်ပေါက်ရွာနဲ့ နွယ်ရုံရွာတို့မှာ မီးလောင်ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ နွယ်ရုံရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာကို ဒေသခံတွေကလဲ ပြောဆိုထားပြီး ပင်လယ်ကြီးဘက် တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မန္တလေး-မိုးကုတ်လမ်းကတော့ ပိတ်ထားတယ်လို့ သိရပါတယ်။