ဇူလိုင်လ (၄)ရက်။
မနေ့က နံနက်(၇)နာရီခန့်မှာ ဆီဆိုင်မြို့၊ ထမ်းယံတိုင်ရွာက ရွာသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ PNO က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထမ်းယံတိုင်ရွာခံ ခွန်တငွေနဲ့ အဖော်ဖြစ်သူ ခွန်မောင်းပေးတို့ဟာ အသုဘနေအိမ်မှာ စောင့်အိပ်ပေးရာက သူတို့ရဲ့နေအိမ်ကိုပြန်လာချိန် ရွာထဲတပ်စွဲထားတဲ့ PNO ပြည်သူ့စစ်က ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ခွန်တငွေကို ပစ်သတ်ပြီးတဲ့နောက် ခွန်မောင်းပေးကို ရွာအပြင် ဖမ်းဆီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရွာအပြင်ကို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ခွန်မောင်းပေးနဲ့ အခုအချိန်အထိ အဆက်အသွယ်မရရှိသေးသလို လိုက်လာရင် ပစ်သတ်မယ်ဆိုပြီး ရွာသားတွေကို ခြိမ်းခြောက်ထားတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် PNO ပြည်သူ့စစ်အဖွဲ့က ပစ်သတ်ခဲ့တဲ့ ခွန်တငွေရဲ့ ရုပ်အလောင်းကို ပြည်သူတွေဟာ ခြိမ်းခြောက်တာတွေရှိနေတဲ့ကြားက ညနေပိုင်းအချိန်မှာ ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီနဲ့ လက်ပါးစေ ပြည်သူ့စစ်တွေဟာ အခုအချိန်အထိ ထမ်းယံတိုင်ကျေးရွာထဲ တပ်စွဲထားပြီး ဒေသခံပြည်သူတွေကို ရွာပြင်ထွက်ခွင့် ပိတ်ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။