ဇူလိုင်လ (၄)ရက်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်ကျူလွန်သူတွေကို အရေးယူမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ အမျိုးသမီးများနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ အကြမ်းဖက်တာတွေကို ဥပဒေနဲ့အညီ အပြည့်အ၀ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ အလေးထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေကို နည်းမျိုးစုံနဲ့ ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကတိက၀တ်တွေနဲ့ အကြံပြုချက်တွေ၊ ဘေဂျင်းလုပ်ငန်းစီမံချက်နဲ့ ရေးဆွဲထားတဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါသေးတယ်။
ဒါ့ပြင် အသက်(၇၉)နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသမီးတွေအပေါ် မတရားဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ဟာ မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ရည်တွေကို ဆက်လက်ထိန်းသိမ်းထားဖို့ကိုလဲ ပြောဆိုခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ နိုင်ငံတ၀န်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်ခဲ့တာတွေကြောင့် ဇွန်လထဲ အမျိုးသမီးစုစုပေါင်း (၄၅)ဦး သေဆုံးခဲ့ရတယ်လို့ AAPP က ဖော်ပြထားပါတယ်။
မြန်မာမှာ ပဋိပက္ခတွေထဲ တိုင်းရင်းသူအမျိုးသမီးတွေအပေါ် မုဒိန်းမှုနဲ့ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတဲ့ စစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။