ဇူလိုင်လ (၁၁)ရက်။
ဘဏ်ဒါရိုက်တာတွေ ငွေကြေးခဝါချတာတွေကြောင့် ထိန်းသိမ်းစစ်ဆေးခံနေရတာ သတင်းအမှားလို့ ရိုးမဘဏ်ဟာ မနေ့က ငြင်းဆိုထားတယ်လို့ သိရပါတယ်။
အခုလိုသတင်းထွက်နေတာဟာ သတင်းမှားဖြစ်ပြီး နိုင်ငံရဲ့ ငွေရေးကြေးရေးကဏ္ဍနဲ့ ငွေကြေးဈေးကွက် မတည်ငြိမ်အောင် ဆောင်ရွက်တာလို့ ဆိုပါတယ်။
ရိုးမဘဏ်အနေနဲ့ မဟုတ်မမှန် သတင်းဖြန့်သူတွေကို တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေနဲ့ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ (၉)ဦးကို စစ်ကောင်စီက ထိန်းသိမ်းစစ်ဆေးနေတာ လအတန်ကြာပြီလို့ နေပြည်တော်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ဒါ့အပြင် ဦးသိမ်းဝေကို နေပြည်တော်စစ်ကြောရေးထဲ ထိန်းသိမ်းစစ်ဆေးနေတာဖြစ်တယ်လို့ သိရပြီး ရိုက်နှက်ခံရတာတွေကြောင့် ဆေးကုသတာတွေ ခံယူနေရတယ်လို့လဲ သတင်းအချို့က ဖော်ပြထားပါတယ်။
ရိုးမဘဏ်ဥက္ကဋ္ဌ ထိန်းသိမ်းစစ်ဆေးခံနေရတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးနောက် စင်္ကာပူရှိ ရိုးမဘဏ်ရဲ့ အစုရှယ်ယာဈေးတွေဟာ မနေ့ကစပြီး ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။
ရိုးမဘဏ်ဟာ အိမ်ရာချေးငွေကို ဗဟိုဘဏ်သတ်မှတ်ချက်ထက် (၁၁)ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးတယ်ဆိုပြီး စစ်ကောင်စီဗဟိုဘဏ်က အရေးယူခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။