ဇူလိုင် (၁၁) ရက်။
ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CNA က YDF ရဲဘော် (၂) ဦးကို အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးခဲ့တာကြောင့် ချင်းဘက်တက်မယ့် ကုန်တင်ကားတွေကို ယောကာကွယ်ရေးတပ် – YDF က ခေတ္တပိတ်လိုက်တယ်လို့ YDF ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။
မကွေးတိုင်း ယောဒသအခြေစိုက် ယောကာကွယ်ရေးတပ် – YDF က ရဲဘော် ၂ ဦးကို ဇူလိုင်လ ၇ ရက် နေ့ ၊ ရောင်နက်ကျေးရွာ ပတ်ဝန်းကျင်မှာ CNA က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့အထိ ပြန်လည်မသေးဘူးလို့ YDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “လုံခြုံရေးအရ မေးမြန်းစရာ ရှိလို့ ခဏထိန်းသိမ်းထားတာပါ၊ သူတို့ လူကြီးတွေနဲ့ ဆွေးနွေးရင် ပြီးသွားမှာပါ၊ အထွေအထူးကြီး မဟုတ်ပါဘူး။” လို့ ဇူလိုင်လ ၉ ရက်နေ့က ယောအခြေစိုက် ယောအလင်းတန်းသတင်းဌာနကို ပြောဆိုထားပါတယ်။
ချင်းအမျိုးသားတပ်မတော် CNA စစ်ဦးစီးချုပ်က YDF ရဲဘော် နှစ်ဦးကို ဒီနေ့ ဇူလိုင်လ (၁၁) ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ ပြောထားတယ်ပေမယ့် မလွှတ်ပေးတဲ့အတွက် CNA ကို မေးမြန်းရာမှာ နက်ဖန် ဇူလိုင်လ (၁၂) ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။
ကုန်ကားနဲ့ ခရီးသည်တင်ကား အပါအဝင် ကားအစီးရေ (၇၀) ကျော် ပိတ်မိနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ။
ဂန့်ဂေါမြို့နယ် တစ်နေရာတွင် ပိတ်မိနေသော ချင်းတောင် သို့ တက်မည့် ကုန်/ခရီးသည်တင်ကားများ/ယောအလင်းတန်း