ဇူလိုင်လ (၁၂)ရက်။
ဇူလိုင်လ (၁၀)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်က ပုလောဒေသရှိ (၅)မိုင်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အင်အား (၅၀)ကျော်ခန့်ရှိတဲ့ စစ်ကောင်စီရဲ့ ခမရ(၂၈၅)စစ်ကြောင်းဟာ (၅)မိုင်ရွာကို စစ်ကြောင်းထိုးလာချိန် KNDO အပါအ၀င် ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူအပြင် ဒုတပ်ကြပ်နဲ့ တပ်ကြပ် (၄)ဦး စုစုပေါင်း (၅)ဦးသေဆုံးကာ တပ်ကြပ် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲထဲ စစ်ကောင်စီထံကနေ စိန်ပြောင်း ၆၀မမ MA-7 (၁)လက်၊ ၆၀မမ အသီး (၃)လုံး၊ MA-1 (၁)လက်၊ MA-2 (၂)လက်၊ MA-3 (၃)လက်၊ MA-5 ပစ္စတို(၁)လက်၊ အီနာဂါ (၁)လုံး၊ မင်းကွတ်သီး (၆)လုံး၊ MA 14 ခြေနင်းမိုင်း (၃)လုံး၊ MA ကျည်ဘောက် (၂၇)ခု၊ MA-2 ကျည်ဘောက် အဝိုင်း (၁)ခု၊ ကျည် (၂၄၁၂)တောင့်၊ စစ်ဦးထုပ် (၆)လုံး၊ စကားပြောစက်အသေး (၁)လုံး၊ ဖုန်း (၄)လုံး၊ ကျည်ကာ အင်္ကျီ (၅)ခု၊ အီကွေးမန့် (၅)ခုနဲ့ ကျောပိုးအိတ် (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို KNLA လက်အောက်ခံတပ်ဖြစ်တဲ့ KNDO တပ်ရင်းအမှတ် (၇)၊ တပ်ခွဲ (၅)နဲ့ ပုလောဒေသကာကွယ်ရေးတပ်(PRDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။