ဇူလိုင်လ (၁၂)ရက်။
ရှမ်းမြောက်တိုက်ပွဲ (၁၈)ရက်တာကာလမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၅၈)ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ (၈၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အရပ်သားနေအိမ် (၁၀၀)ခန့် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ နံနက်ပိုင်းက လားရှိုးမြို့၊ ရပ်ကွက်(၈)ရှိ နေအိမ်ပေါ် စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ မီးလောင်ခဲ့ပြီး ရပ်ကွက်(၁၀) ထင်းရှုးမြိုင်အိမ်ယာအနီးကို လက်နက်ကြီး (၅)လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မနေ့ကလဲ လားရှိုးမြို့ရှိ ရပ်ကွက်(၁)၊ (၁၀)နဲ့ (၈)တို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား (၄)ဦး ထိမှန်သေဆုံးခဲ့ကာ နေအိမ်တလုံး မီးလောင်ပြာကျခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဒီကနေ့ နံနက် (၁)နာရီလောက်က ကိုးကန့်တပ်(MNDAA)ထိန်းချုပ်ထားတဲ့ သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး(၃)လုံး ကြဲချခဲ့ကာ အမှတ်(၁)အထက်တန်းကျောင်း၊ ပညာရေးမှူးရုံးနဲ့ မူလတန်းကျောင်းတို့ ပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း မင်းတံတားရပ်ကွက် နယ်မြေ(၁၀)မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်တာမရှိပေမယ့် နေအိမ် (၅)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။