ဇူလိုင်လ (၁၃)ရက်။
စစ်မှုထမ်းဥပဒေကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားတယ်လို့ စစ်ကောင်စီကာကွယ်ရေး၀န်ကြီး တင်အောင်ဆန်းရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ စစ်မှုထမ်းဥပဒေကို ထိထိရောက်ရောက် ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ သက်ဆိုင်ရာ၀န်ကြီးတွေနဲ့ ၀န်ကြီးချုပ်တွေ ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်” လို့ သူက ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ နိုင်ငံသားတိုင်း အခြေခံဥပဒေအရ နိုင်ငံတော် ကာကွယ်ရေးတာ၀န်ထမ်းဆောင်ဖို့အပါအ၀င် စစ်မှုထမ်းဆောင်ဖို့နဲ့ စစ်ပညာသင်ကြားဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
အခုအခါ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းကို အမှတ်စဉ် (၃)အထိ ဖွင့်လှစ်ထားပြီးဖြစ်ကာ အသက်မပြည့်မီသူတွေနဲ့ ဆန္ဒမပါသူတွေကို အတင်းအကြပ်စာရင်းသွင်းတာမရှိဖို့ စစ်ကောင်စီ၀န်ကြီးက ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဖို့ စာရင်းသွင်းပြီးမှ ပျက်ကွက်သူတွေ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူတွေ၊ သင်တန်းကျောင်းရောက်ပြီးမှ ပျက်ကွက်သူတွေကို အရေးယူဖို့ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မ အသက်သွင်းပြီး သင်တန်းသားတွေခေါ်ယူကာ သင်တန်းပေးနေပေမယ့် စစ်မှုထမ်းနည်းဥပဒေမူကြမ်းကိုတော့ အခုချိန်အထိ အကောင်အထည်မဖော်နိုင်သေးပါ။
စစ်ကောင်စီလက်ပါးစေတွေဟာ စစ်မှုထမ်းဖို့ သင်တန်းသားဦးရေခေါ်ယူရာမှာ နည်းပါးလာတာကြောင့် သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့သူတွေအပါအ၀င် အတင်းအကြပ် ဖမ်းဆီးပို့ဆောင်တာတွေ ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။